ရွှေတိဂုံဘုရားအနီးမှ ဦးအောင်သန်းနှင့်ဈေးသည်များ နှင်ထုတ်ခံရမှု အမြန်ဆုံးအရေးယူပေးပါ

The Issue
သို့
၁။ ၀န်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့
၂။ တရားသူကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်
၃။ တိုင်းရဲတပ်ဖွဲ့မှူး
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး
၎။ ဗဟန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်
ပြည်သူ့လွှတ်တော်
ရက်စွဲ။ ။ ၃ ၊ ၁၁ ၊၂၀၁၇
အကြောင်းအရာ ။ ။ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးတွင် ငုံးဥရောင်းချနေသော ရန်ကုန်တိုင်းဒေသကြီး သင်္ကန်းကျွန်းမြို့နယ်နေ ဦးအောင်သန်း (ခ) ဒါဝုဒ်ဘိုင်အား သင်္ကန်းဝတ်ပုဂ္ဂိုလ်နှစ်ဦးနှင့် လူဝတ်ပုဂ္ဂိုလ်နှစ်ဦး တို့မှ ဥပဒေမဲ့ နှင်ထုတ်မှုအား တည်ဆဲဥပဒေအရ အရေးယူပေးပါရန် အသိပေးတိုင်ကြားခြင်း။
၁။ အောက်တိုဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ် အဘိဓမ္မာနေ့ မွန်းလွဲ ၃း၀၀ နာရီ ၀န်းကျင်ခန့်တွင် သင်္ကန်းကျွန်းမြို့နယ်တွင်နေထိုင်၍ နိုင်ငံသားသက်သေခံ ကတ်ပြားအမှတ် W/RGN ၀၀၃၄၂၆ ကိုင်ဆောင်သူ ဦးအောင်သန်း (ခ) ဒါဝုဒ်ဘိုင်သည် ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ်အနီးရှိ ကြားတောရလမ်းတွင် ငုံးဥပြုတ်ရောင်းချနေစဉ် သင်္ကန်းဝတ်ပုဂ္ဂိုလ်နှစ်ဦး နှင့် လူဝတ်နှင့်ပုဂ္ဂိုလ်နှစ်ဦး ("Pyinnya Visa", http://bit.ly/2kMAaDu; "Minn Minn", http://bit.ly/2yiMVbH; "Ye Myint Shwe", http://bit.ly/2yJ3WPx facebook အကောင့် အသုံးပြုသူများ) တို့မှ “ဘာသာခြားဈေးရောင်းခွင့်မရှိဘူး” စသည်ဖြင့် ပြောဆို၍ လည်းကောင်း၊ ဆက်လက်ရောင်းချပါက သက်ဆိုင်ရာသို့တိုင်ကြားမည်ဟု ခြိမ်းခြောက်၍ လည်းကောင်း၊ “မွတ်ကုလား” ဟု အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များကို စော်ကားသည့် အသုံးအနှုံးကိုသုံးစွဲ၍လည်းကောင်း အစရှိသဖြင့်ပြောဆိုကာ ရိုင်းပြစော်ကားစွာ နှင်ထုတ်ခဲ့ပါသည်။
၂။ ပါဝင်ကျူးလွန်သူ လေးဦးအနက်မှ တစ်ဦးပိုင်ဆိုင်သော "Minn Minn" အမည်နှင့် facebook စာမျက်နှာတွင် အဆိုပါ အခင်းဖြစ်ပွားမှုအား အစအဆုံးရိုက်ကူးထားသော ဗီဒွီယိုဖိုင် (https://tinyurl.com/y9mdwd7f ကို ၂၀၁၇ခု အောက်တိုဘာ ၅ ရက် မွန်းလွဲ ၂း၅၄ နာရီမှစတင်၍ လွှင့်တင်ထားရှိဆဲဖြစ်၍ သက်သေအထောက်အထားအဖြစ် ကြည့်ရှုရယူနိုင်ပါသည်။
၃။ ၂၀၁၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင်လည်း ဗဟန်းဈေးအနီး တွင်ခါးပတ်ရောင်းချနေသူ အစ္စလာမ်ဘာသာဝင် တစ်ဦးကို ရိုက်ပုတ်၍ လည်းကောင်း၊ ဗဟန်း ၃ လမ်းအနီးတွင် ဖုန်းနှင့် ဖုန်းအပိုပစ္စည်းများ ရောင်းချလျက်ရှိသော ဗုဒ္ဓဘာသာဝင်တစ်ဦးနှင့် အစ္စလာမ်ဘာသာဝင်တစ်ဦးထံမှလည်းကောင်း၊ ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အနီးတွင် ဒံပေါက်ရောင်းချနေသော အစ္စလာမ်ဘာသာဝင်များထံမှလည်းကောင်း သင်္ကန်းဝတ်ပုဂ္ဂိုလ်များမှ တရားဥပဒေမဲ့ ခြိမ်းခြောက် ပစ္စည်းသိမ်းယူ၍ ဈေးရောင်းချခြင်းမှ တားမြစ်ရန် အားထုတ်မှုများ ဖြစ်ပွားခဲ့ပါသည်။
၎။ ဤလုပ်ရပ်များသည် ရာဇသတ်ကြီး ဥပဒေ အခန်း (၂၂) ပုဒ်မ ၅၀၃ အရ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှုမြောက်သည့်အပြင် ရာဇသတ်ကြီး ဥပဒေ အခန်း (၁၄) ပုဒ်မ ၂၆၈ အရ အများပြည်သူနှောက်ယှက်မှုလည်း မြောက်ပါသည်။
၆။ အများပြည်သူနှောက်ယှက်မှုနှင့် စပ်လျဉ်း၍ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း (၁၀) ပုဒ်မ ၁၃၃ (၁) တွင် "ခရိုင်ရာဇ၀တ်တရားသူကြီး။ နယ်ပိုင်ရာဇ၀တ်တရားသူကြီး၊ သို့မဟုတ် ပထမတန်းအာဏာရ ရာဇ၀တ်တရားသူကြီးတစ်ဦးဦးက ပြည်သူ့ရဲတပ်ဖွဲ့အစီရင်ခံစာအရဖြစ်စေ၊ အခြားသတင်းပေးချက်အရဖြစ်စေ၊ သင့်သည်ထင်မြင်သည့် မိမိရယူထားသော သက်သေခံချက်များအရဖြစ်စေ အများပြည်သူတို့၏ တရားဥပဒေနှင့်အညီ သုံးစွဲသည့်၊ သို့မဟုတ် သုံးစွဲနိုင်သည့် လမ်း ... မှဖြစ်စေ၊ အများပြည်သူဆိုင်ရာ နေရာမှဖြစ်စေ ဥပဒေနှင့် ဆန့်ကျင်သော ပိတ်ပင်ခြင်း၊ သို့မဟုတ် နှောင့်ယှက်မှုကို ဖယ်ရှားသင့်ကြောင်း ထင်မြင်သည့်အခါ ... ဆိုခဲ့သည့် ပိတ်ပင်၊ သို့မဟုတ် နှောင့်ယှက်မှုကို ဖယ်ရှားရန်၊ ... သို့မဟုတ်ညွှန်ကြားထားသည့် စည်းကမ်းအတိုင်းလိုက်နာရန်၊ ... သို့မဟုတ် အမိန့်တွင်ပါရှိသည့်အတိုင်းဆောင်ရွက်ရန် ... အမိန့်ချမှတ်နိုင်သည်" ဟုပါရှိပါသည်။
၇။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ကိုးကွယ်ယုံကြည်မှုများ ကွဲပြားစုံလင်သော လူမျိုးပေါင်းစုံ နိုင်ငံသားအပေါင်း စုစည်းနေထိုင်ကြသော နိုင်ငံဖြစ်ပြီး “မိမိချစ်ခင်မြတ်နိုးသည့် စကား၊ စာပေ ယဉ်ကျေးမှု၊ ကိုးကွယ်သည့်ဘာသာသာသနာနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ဆောင်ရွက်ပိုင်ခွင့်” ရှိသော နိုင်ငံဖြစ်ပါသည်။
၈။ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၄၈ တွင် “ နိုင်ငံတော်သည် … မည်သည့်နိုင်ငံသားကိုမျှ လူမျိုး၊ ဇာတိ၊ ကိုးကွယ်ရာဘာသာ၊ ရာထူးဋ္ဌာနန္တရ၊ အဆင့်အတန်း၊ ယဉ်ကျေးမှု၊ အမျိုးသား၊ အမျိုးသမီး၊ ဆင်းရဲချမ်းသာတို့ကို အကြောင်းပြု၍ခွဲခြားမှုမရှိစေရ ဟုလည်းကောင်း၊ အခန်း (၈) ပုဒ်မ ၃၅၃ တွင် နိုင်ငံတော်သည် “မည်သူ့ကိုမျှ တည်ဆဲဥပဒေနှင့်အညီမှတစ်ပါး၊ အသက်ကိုဖြစ်စေ၊ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုကိုဖြစ်စေ နစ်နာဆုံးရှုံးမှုမရှိစေရ” ဟုလည်းကောင်း ပါရှိပါသည်။
၉ ။ ၎င်းအပြင် နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၈) ပုဒ်မ ၃၄၉ တွင် “ နိုင်ငံသားများသည် … စီးပွားရေးလုပ်ငန်း လုပ်ကိုင်မှု … တွင်တူညီသော အခွင့်အလမ်းရရှိစေရမည်” ဟုလည်းကောင်း၊ အခန်း (၅) ပုဒ်မ ၂၁၉ တွင် “ ပြည်ထောင်စု အစိုးရသည် နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်းစောင့်ရှောက်သည်” ဟုလည်းကောင်း အခန်း (၈) ပုဒ်မ ၃၄၇ တွင် “ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှအခွင့်အရေးရှိစေရမည်။ ထို့အပြင် ဥပဒေ၏အကာအကွယ်ကိုလည်း တန်းတူညီမျှစွာ ရယူပိုင်ခွင့်ပေးရမည်” ဟုလည်းကောင်း ပါရှိပါသည်။
၁၀။ နိုင်ငံသားများ၏ အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ပေးသည့် ဥပဒေ (ဥပဒေအမှတ် ၂/ ၁၉ ၇၅) အရသက်ဆိုင်ရအာဏာပိုင်အဖွဲ့အစည်း များသည် " နိုင်ငံသားများ၏ တရားဝင်ခံစားခွင့်ရှိသော အခွင့်အရေးနှင့်စပ်လျဉ်းသည့်နစ်နာချက်" များကို အမြန်ဆုံး စုံစမ်း၍ တရားဝင်ခံစားခွင့်ရှိသောအခွင့်အရေးကို အပြည့်အ၀ရရှိစေရေးအတွက် အရေးယူဆောင်ရွက်ပေးရန် တာဝန်ရှိပါသည်။
၁၁။ ဦးအောင်သန်းအား ဥပဒေမဲ့ နှင်ထုတ်ခြင်းအားလည်းကောင်း၊ ၂၀၁၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ဗဟန်းဈေးအနီး၊ ဗဟန်း ၃ လမ်းအနီး နှင့် ရွှေတိဂုံဘုရားတောင်ဘက်မုဒ်အနီးတွင် ဖြစ်ပွားခဲ့သော ဈေးသည်များထံမှ ခြိမ်းခြောက်ပစ္စည်းသိမ်းယူ၍ ဈေးရောင်းချခြင်းမှ တရားမြစ်ခဲ့သည်များအားလည်းကောင်း တာဝန်သိပြည်သူများမှ ဗဟန်းရဲစခန်းတွင် တိုင်ကြားခဲ့ခြင်းများ ရှိခဲ့သော်လည်း ယနေ့ထိတိုင် တရားဥပဒေအရ အမှုဖွင့်အရေးယူဆောင်ရွက်ခြင်းမရှိသေးပါ။
၁၂။ အထက်ပါလုပ်ရပ်များသည် တရားဥပဒေအားမထေမဲ့မြင်ပြုသောဥပဒေမဲ့လုပ်ရပ်များဖြစ်ယုံမျှမက ဗြဟ္မာဝိဟာရတရားများနှင့်ဆန့်ကျင်၍ တနိုင်ငံလုံးအလေးအမြတ်ထားရာ နိုင်ငံ၏ကြက်သရေဆောင်သင်္ကတတခုဖြစ်သည်သာမက နိုင်ငံတ၀ှမ်းလုံးနှင့် နိုင်ငံတကာမှ ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထား ဖူးမြှော်သပ္ဗါယ်ရာဖြစ်သော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ပတ်ဝန်းကျင်တွင် ဖြစ်ပွားရန်လုံးဝမသင့်သည့်အပြင် ဘာသာလူမျိုးပေါင်းစုံလင်သော မြို့သူမြို့သားများ ချစ်ကြည်ရင်းနှီးစွာ သမိုင်းတစ်လျောက် အတူ လက်တွဲနေထိုင်လာခဲ့ကြသော ရန်ကုန်မြို့ ကိုလည်း ရုပ်ဆိုးအကျည်းတန်စေပါသည်။
၁၃။ သို့ဖြစ်ပါ၍ အစ္စလာမ်ဘာသာဝင်ဖြစ်သည်ဟူသော အကြောင်းပြချက်တစ်ခုတည်းဖြင့် ရွေးထုတ်ပစ်မှတ်ထား၍ ဦးအောင်သန်းအား အများပြည်သူနည်းတူ ဈေးရောင်းချနေရာမှ ဥပဒေမဲ့ အနိုင်ထက်ပြုကာ နှင်ထုတ်ခြင်းပြုခဲ့ပါသဖြင့် နိုင်ငံတော်အခြေခံဥပဒေ ပုဒ်မ ၃၄၈၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၃၄၉ နှင့် ပုဒ်မ ၃၄၇ ပါနိုင်ငံသားအခွင့်အရေးများကို ထိပါးရာ ရောက်သည်သာမက ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၅၈၊ ပုဒ်မ ၅၀၃ နှင့် ပုဒ်မ ၁၂၀-က တို့အားချိုးဖောက်သည့်အပြင် ရွှေတိဂုံစေတီတော်ကြီး၏ ပရ၀ုဏ်အနီးတွင် မဖြစ်ပွားသင့်သောအပြုအမူများဖြစ်သည်သာမက၊ ရန်ကုန်မြို့အားအကျဉ်းတန်စေပါသဖြင့် ဤကဲ့သို့ ဥပဒေမဲ့ပြုလုပ်မှုများ ဆက်လက်မဖြစ်ပွားစေရန် အဆိုပါ ပြုလုပ်သူများအားလည်းကောင်း၊ ၂၀၁၆ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ရွှေတိဂုံဘုရားအနီး၌် ဈေးရောင်းနေသူများအား ဥပဒေမဲ့ အင်အားသုံးကာ အဓမ္မဖယ်ရှားခဲ့သူများအားလည်းကောင်း ဥပဒေအမှတ် ၂/၁၉ ၇၈ နှင့်အညီ တရားဥပဒေအရ ထိရောက်စွာ အရေးယူပေးပါရန် အသိပေးတိုင်ကြားအပ်ပါသည်။
လေးစားစွာဖြင့်
ပြည်သူတို့၏ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို လိုလားသူများ ကိုယ်စား
လက်မှတ်ရေးထိုးသူများ
မိတ္တူကို -
ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်
ခရိုင်တရားသူကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံး၊ ရန်ကုန်
မြို့နယ်တရားသူကြီး၊ ဗဟန်းမြို့နယ်တရားရုံး၊ ရန်ကုန်
ရန်ကုန်အနောက်ပိုင်းခရိုင် ဥပဒေရုံး
ဗဟန်းမြို့နယ် ဥပဒေရုံး
ခရိုင်ရဲတပ်ဖွဲ့မှူး၊ ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်
မြို့ နယ်ရဲတပ်ဖွဲ့မှူး၊ ဗဟန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ ရန်ကုန်
ဗဟန်း ၁ မဲဆန္ဒနယ်ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
ဗဟန်း ၂ မဲဆန္ဒနယ်ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်
သင်္ကန်းကျွန်း ၁ မဲဆန္ဒနယ်ကိုယ်စားပြု ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်

Petition Closed
Share this petition
The Decision Makers
Petition Updates
Share this petition
Petition created on October 16, 2017