Free Dr Aye Maung and Author Wai Hin Aung
The Issue
ထောင်ဒဏ် နှစ် (၂၀) ပြစ်ဒဏ် ကျခံနေရသော ရခိုင်အမျိုးသားနိုင်ငံရေးခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဦးဝေဟင်အောင် တို့အား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပေးပါရန် မေတ္တာရပ်ခံ ပန်ကြားခြင်း။
အထက်ဖော်ပြပါအကြောင်းအရာနှင့်ပတ်သက်၍ နိုင်ငံတော်သမ္မတကြီးအား လေးစားစွာ မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။
ရခိုင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်၊ အမ်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာအေးမောင်နှင့် ရခိုင်လူငယ်စာရေးဆရာ ဦးဝေအောင် တို့အား စစ်တွေခရိုင်တရားရုံးက (၁၉-၃-၂၀၁၉)နေ့တွင် နိုင်ငံတော် ပုန်ကန်မှု ရာဇသတ်ကြီးပုဒ်မ ၁၂၂ (၁) အရ ထောင်ဒဏ် အနှစ် (၂၀)၊ နိုင်ငံတော် အကြည်အညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် (၂)နှစ်၊ ပြစ်ဒဏ်နှစ်ရပ်အတွက် တစ်ပေါင်း တစ်စည်းတည်းဖြင့် ထောင်ဒဏ် နှစ်(၂၀) ချမှတ်ခဲ့ပါသည်။
ဒေါက်တာအေးမောင်နှင့် ဦးဝေဟင်အောင်တို့သည် ၁၅-၁-၂၀၁၈ ရက်နေ့တွင် ရခိုင်ပြည်နယ် ရသေ့တောင်မြို့၊ ဇေတီယင်္ဃဏ ဘုန်းတော်ကြီးတွင် မေယုရင်သွီး လူမှုကူညီရေးအသင်းမှ ဦးဆောင် ပြုလုပ်သည့် ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၃ နှစ်မြောက် ဝမ်းနည်းဖွယ် အခမ်းအနားနှင့် စာပေဟောပြောပွဲတွင် တက်ရောက်ဟောပြောရာ၌ နိုင်ငံတော်ကို ပုန်ကန်ရန် ဟောပြောမှုများ ရှိသည်ဟုဆိုကာ စစ်တွေခရိုင်လက်ထောက် ခရိုင်မှူး ဦးခင်မောင်ဦးက တရားလိုပြုလုပ်၍ စစ်တွေခရိုင် တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ (၁၈-၁-၂၀၁၈)ရက်နေ့တွင် ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပါသည်။
ဒေါက်တာအေးမောင်နှင့် ဦးဝေဟင်အောင်တို့ အမှုအား စစ်တွေခရိုင်တရားရုံးမှ (၁) နှစ်နီးပါး ကြားနာ စစ်ဆေးပြီးနောက် ၁၉-၃-၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်ပုန်ကန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၂ (၁) အရ ထောင်ဒဏ် အနှစ် (၂၀)၊ နိုင်ငံတော် အကြည်အညိုပျက်စေမှု ၅၀၅ (ခ)ဖြင့် ထောင်ဒဏ် (၂)၊ စုစုပေါင်း တစ်ပေါင်း တစ်စည်းတည်းဖြင့် ထောင်ဒဏ် နှစ် (၂၀) ချမှတ်ခဲ့ပါသည်။
ထိုသို့ ချမှတ်ခံရပြီးနောက် စစ်တွေထောင်မှ ရန်ကုန်မြို့ အင်းစိန်ထောင်ထဲပြောင်းရွှေ့လိုက်ပြီး လက်ရှိ အချိန်ထိ ဆက်လက်ထိန်းသိမ်းခံနေရဆဲဖြစ်ပါသည်။
ဒေါက်တာအေးမောင်နှင့် စာရေးဆရာဦးဝေဟင်အောင်တို့သည် ရခိုင်ပြည်သူအများစုက လေးစားချစ်ခင်သော ပုဂ္ဂိုလ်များဖြစ်ကြသည်သာမက ဒေါက်တာအေးမောင်မှာ လွှတ်တော်သက်တမ်းကာလအတွင်း အမျိုးသား ရင်ကြားစေ့ရေး အပါအဝင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် စိတ်အားထက်သန်စွာ လှုပ်ရှား ဆောင်ရွက်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။ အလားတူ ရခိုင်အမျိုးသား စာရေးဆရာဝေဟင်အောင်မှာလည်း ငယ်ရွယ်သူ လူငယ်စာရေးဆရာတစ်ဦးလည်း ဖြစ်ပါသည်။
ထိုကဲ့သို့ ရခိုင်ပြည်သူအများစုက ချစ်ခင်လေးစားကြသော ပုဂ္ဂိုလ်နှစ်ဦးကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ထားခြင်းသည် နိုင်ငံတော်၏ အမျိုးသားရင်ကြားစေ့ရေးကို ထိခိုက်စေသည်သာမက တိုင်းရင်းသား လူမျိုးများအကြား နားလည်မှု၊ ယုံကြည်မှုတို့ကို ထိခိုက်စေကြောင်းကျွနုပ်တို့မှ အလေးအနက် ယုံကြည်ပါသည်။
ယခုအချိန်သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD)၏ ဦးဆောင်မှုဖြင့် မြန်မာနိုင်ငံတွင် အမျိုးသား ရင်ကြားစေ့ရေး၊ အမျိုးသားညီညွတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်နေသည့် ကာလဖြစ်ပါသည်။
ထိုသို့သော အချိန်အခါကာလတွင် နိုင်ငံတော်အနေနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသော ရခိုင်အမျိုးသား နိုင်ငံရေး ခေါင်းဆောင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့အား လက်ရှိ ကျခံနေရသော ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုပါရန် အမျိုးသားညီညွတ်ရေးကို ရှေးရှု၍ နိုင်ငံတော်သမ္မတကြီးအား လေးစားစွာ မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။
(Zawgyi)

The Decision Makers
Petition Updates
Share this petition
Petition created on 20 November 2020