
မှားယွင်းမှုအတွက် တောင်းပန်ရန် ခေါင်းဆောင်များတွင် တာဝန်ရှိသည်
လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး အစပြုသည့် ဩဂုတ် ၂၅ ရက်နေ့ကို ရိုဟင်ဂျာများအပါအဝင် အဖိနှိပ်ခံလူမျိုးများကို တောင်းပန်သည့်နေ့အဖြစ် တရားဝင်အထိမ်းအမှတ်ပြုလုပ်သင့်သည်
သက်ဆွေဝင်း
Published on Aug 21, 2021
ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီးသတ်ဖြတ်မှုများကို မြို့အသီးသီးတွင် တွေ့ကြုံခဲ့ရပြီးနောက် စစ်အာဏာသိမ်းမှုဆန့်ကျင်သည့် လူထုသည် စစ်တပ်အပေါ် သဘောထားပြောင်းလဲလာကြသည်
မြန်မာ့သမိုင်းတွင်ရော ခေတ်သစ်ကမ္ဘာ့သမိုင်းတွင်ပါ အမည်းစက်ဖြစ်ခဲ့ရသည့်၊ လူပေါင်းနှစ်သောင်းခွဲကျော် အသတ်ခံခဲ့ရပြီး လူတစ်သန်းနီးပါး ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဖြစ်ပွားခဲ့သည်မှာ လာမည့် ဩဂုတ် ၂၅ တွင် လေးနှစ်ပြည့်မြောက်မည်ဖြစ်သည်။ လူမျိုးသုဉ်းသတ်ဖြတ်မှု ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြသည့် စစ်ခေါင်းဆောင်များကို ယခုအချိန်အထိ အရေးယူအပြစ်ပေးနိုင်ခြင်းမရှိသေးသည့်အပြင် ၎င်းကျူးလွန်မှုကို ကာကွယ်ပေးခဲ့ကြသည့် နိုင်ငံရေးခေါင်းဆောင်အများအပြားမှာလည်း စစ်တပ်၏ အာဏာသိမ်းခြင်းနှင့်တူ ဖမ်းဆီးခံခဲ့ရပြီး အာဏာသိမ်းမှုဆန့်ကျင်သည့် ပြည်သူများကိုလည်း လူမဆန်စွာ အကြမ်းဖက်နှိမ်နှင်းနေသည်။
ဆယ်စုနှစ်များစွာအတွင်း ရိုဟင်ဂျာတို့အပါအဝင် တခြားသောလူမျိုးစုများစွာတို့ကို အုပ်ချုပ်သူအစိုးရအဆက်ဆက်က ပုံစံမျိုးစုံဖြင့် ဖိနှိပ်တိုက်ခိုက်ကြသည်။ ၎င်းတို့ကျူးလွန်သည့် မတရားမှုများကို ပြည်သူတို့ သတိမထားမိကြစေရန်အတွက် ဘက်ပေါင်းစုံမှ လုပ်ဆောင်ခဲ့သည်။
စစ်တပ်သည် အမျိုး၊ဘာသာ၊သာသနာကို စောင့်ရှောက်ပြီး ပြည်ထောင်စုကြီးမပြိုကွဲရန်အတွက် စွန့်စားဆောင်ရွက်နေသည့် အသွင်ကိုယူပြီး တဖက်တွင် လူမျိုးးစုတော်လှန်ရေးအင်အားစုများကို အကြမ်းဖက်သူပုန်များအဖြစ်လည်းကောင်း၊ ဗုဒ္ဓဘာသာမဟုတ်သူများကိုလည်း သာသနာ၏ ရန်သူအဖြစ်လည်းကောင်း နှစ်ပေါင်းများစွာ မှိုင်းတိုက်ဝါဒဖြန့်ခဲ့ကြသည်။ အစိုးရအဆက်ဆက်၏ အုပ်ချုပ်ရေးယန္တရားတွင်လည်း လူမျိုး၊ ဘာသာအခြေခံပြီး အဆင့်အတန်းခွဲခြား ဖိနှိပ်ချုပ်ချယ်သည့်စနစ်ကို ကျင့်သုံးခဲ့သည်။
၂၀၁၁ နောက်ပိုင်း ဒီမိုကရေစီစံနှုန်းမပြည့်မီသည့် အခြေခံဥပဒေအောက်တွင် ရရှိလာသည့် အနည်းငယ်မျှသော လွတ်လပ်ခွင့်များနှင့်အတူ တဟုန်ထိုးတိုးတက်လာသည့် အင်တာနက်လူမှုကွန်ရက်များ၏ စွမ်းအားကြောင့် ပြည်သူအချင်းချင်း ချိတ်ဆက်မှုလည်း အားကောင်းလာခဲ့သည်။ ၂၀၁၂ ခုနှစ် မသီတာထွေးအမှုမှစတင်၍ ရိုဟင်ဂျာနှင့် ရခိုင်လူမျိုးအကြား ပဋိပက္ခဖြစ်စေရန် စီစဉ်ခဲ့ပြီး ၎င်းမှတစ်ဆင့် တစ်နိုင်ငံလုံးတွင် ဘာသာရေးအမုန်းတရားများ၊ အကြမ်းဖက်မှုများဖြစ်စေရန် ဖော်ဆောင်ခဲ့သည်။ ထို့အတူ ၂၀၁၁ ခုနှစ် ကချင်ပြည်နယ်တွင် စတင်ခဲ့သည့် တိုက်ပွဲများမှနေ၍ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများတွင် စစ်ပွဲများဖော်ဆောင်ခဲ့သည်။ ၎င်းလုပ်ဆောင်ချက်များကို ပြည်သူများထောက်ခံရန်အတွက် အင်အားကြီးထွားလာသော လူမှုကွန်ရက်အခြေပြုဝါဒဖြန့်ယန္တရားများမှတစ်ဆင့် ဝါဒဖြန့်ချိရေးလုပ်ငန်းများကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့သည်။
ပြည်သူများအကြား လူမှုကွန်ရက်အသုံးပြုမှု တွင်ကျယ်လာသော်လည်း သတင်းအချက်အလက်များကို စိစစ်နိုင်မှုအားနည်းသည်ကို အခွင့်ကောင်းယူကာ ဘာသာရေး၊ လူမျိုးရေးအခြေခံ အမုန်းစကားများကို အသုံးချပြီး စစ်တပ်သည်သာလျှင် အရာရာကို ကာကွယ်သူအဖြစ် အသွင်ယူပုံဖော်ခဲ့သည်။ ရလဒ်အနေဖြင့် ကချင်၊ ရခိုင်၊ ရှမ်း၊ ကရင် ဒေသ စစ်ပွဲများကြောင့် သေဆုံး၊ တိမ်းရှောင်ခဲ့ရသည့် ပြည်သူတို့ကို ကိုယ်ချင်းစာမှုမရှိခြင်း၊ ဘာသာရေးအကြမ်းဖက်မှုခံကြရသူများအပေါ်တွင် ရန်သူသဖွယ် သဘောထားခဲ့ကြခြင်း၊ ဖက်ဒရယ်အရေး လူ့အခွင့်အရေး စသည့် နိုင်ငံရေးအတွေးအခေါ် စံတန်ဖိုးတို့ကို မလိုလားအပ်သည့်အရာများအဖြစ် သဘောထားလာကြခြင်း စသည်တို့ ဖြစ်ခဲ့သည်။
၂၀၁၅ မှ ၂၀၂၀ ကာလအတွင်း ပြည်သူအများစုထောက်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်တွင်လည်း လူ့အခွင့်အရေးနှင့် လူသားတန်ဖိုးများ၊ ဒီမိုကရေစီစံနှုန်းများကို ပြည်သူတို့အကြား ပြန့်ပွားအောင် မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့အပြင် လူမျိုးစုများနှင့် ဒီမိုကရက်တစ်နိုင်ငံရေးအင်အားစုများကို ကျောခိုင်းပြီး စစ်တပ်နှင့် နီးစပ်ရန် ကြိုးပမ်းခဲ့မှုများကလည်း ဝိဝါဒကွဲစရာဖြစ်စေခဲ့သည်။
၂၀၁၇ ဩဂုတ်၂၅ တွင် စတင်သည့် ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လက်ကိုင်ထားမည်ဟု ကြွေးကြော်ခဲ့သည့် အစိုးရတာဝန်ရှိသူများကိုယ်တိုင်က လူမျိုးသုဉ်းသတ်ဖြတ်မှုကို တာဝန်ခံအသိအမှတ်မပြုခဲ့သည့်အပြင် ICJ အထိ သွားရောက်ပြီး စစ်တပ်၏ လူမဆန်ယုတ်မာမှုများကို အကာအကွယ်ပေးခဲ့သည်။ ထိုစဉ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်ကို ပြည်သူအများစုက ထောက်ခံခဲ့ကြပြီး နယ်သာလန်နိုင်ငံအထိ လိုက်ပါ၍ ၀န်းရံအားပေးသူလည်း အများအပြားရှိခဲ့သည်။
ဖေဖော်ဝါရီ ၁ တွင် အာဏာသိမ်းအပြီး မြို့ပြဒေသတွင် ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီးသတ်ဖြတ်သည်များကို တွေ့ကြုံခဲ့ရပြီးနောက် မြေပြန့်ဒေသနေ ပြည်သူအများစု၏ စစ်တပ်အပေါ်ထားသည့် သဘောထားပြောင်းလဲလာကြသည်။ ထို့ပြင် လူမျိုးစုဒေသများတွင် စစ်တပ်၏ ဖိနှိပ်ယုတ်မာမှုများရှိနေဆဲ၊ ရှိနေခဲ့ခြင်းကို ကိုယ်ချင်းစာကာ ပိုမို နားလည်သဘောပေါက်လာခဲ့ကြသည်။ ရိုဟင်ဂျာများနှင့် လူမျိုးစုများ ခံစားရသည့်ဒုက္ခကို လျစ်လျူရှုခဲ့မိသည့်အတွက် တောင်းပန်သည့် လှုပ်ရှားမှုကို လူမှုကွန်ရက်စာမျက်နှာနှင့် မြေပြင်ဆန္ဒပြမှုများတွင် ပြုလုပ်ခဲ့ကြသည်။ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်တချို့ကလည်း ပုဂ္ဂလိကတောင်းပန်ခြင်းများလည်း ပြုလုပ်ခဲ့သလို လူမျိုးစုများနှင့် ရိုဟင်ဂျာအရေးပေါ်တွင် သဘောထားများ ပြောင်းလဲလာနေသည်။
ရိုဟင်ဂျာအပါအဝင် မျိုးနွယ်စုများအပေါ် အစဉ်အဆက် စစ်အစိုးရများနှင့် စစ်တပ်ကသာ အနိုင်ကျင့်ဖိနှိပ်ခဲ့သောကြောင့် တာဝန်ရှိသည့် စစ်တပ်ကသာလျှင် တောင်းပန်သင့်သည်ဆိုသည့် အငြင်းပွားမှုများလည်းရှိကြသည်။ သို့ရာတွင် လူအုပ်စုတစ်ခုကို မတရားပြုကျင့်ခဲ့သည့် ကိစ္စများသည် အချိန်မည်မျှကြာသည်ဖြစ်ပါစေ အစဉ်အဆက်အစိုးရများက တာဝန်ယူပြီး တောင်းပန်ခဲ့ရသည့်ဖြစ်စဉ်များလည်း နိင်ငံတကာသမိုင်းတွင် ရှိခဲ့သည်။ ဥပမာအားဖြင့် ၁၉၄၇ ခုနှစ် ဒတ်ချ်စစ်သားများက အင်ဒိုနီးရှားတို့ကို အစုလိုက်အပြုံလိုက်သတ်ခဲ့သည့်ကိစ္စအတွက် ပြန်တောင်းပန်ခြင်း၊ ၁၉၃၀ ပြည့်လွန် နှောင်းပိုင်းနှစ်များတွင် ကာ့ဒ်လူမျိုးများ ဗုံးကြဲသတ်ဖြတ်ခံရမှုအတွက် တူရကီ၏ လက်ရှိနိုင်ငံ့ခေါင်းဆောင်က နှစ် ၈၀ အကြာတွင် ပြန်တောင်းပန်ရခြင်း၊ အဘိုရီဂျင်းများကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည့်အတွက် ဩစတြေးလျဝန်ကြီးချုပ်က ပြန်လည်တောင်းပန်ရခြင်း စသည်တို့ဖြစ်သည်။
နိုင်ငံတော်အဆင့်တောင်းပန်ခြင်း National Apology ကို အများအားဖြင့် ပုံစံသုံးမျိုးဖြင့် တွေ့နိုင်ပါသည်။
၁။ ပြန်လည်ရင်ကြားစေ့ခြင်း ၂။ အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်း ၃။ နိုင်ငံတော်နှင့် အမျိုးသားသရုပ်လက္ခဏာတည်ဆောက်ခြင်း စသည်များဖြစ်သည်။ ဖက်ဆစ်စစ်တပ်ကို ဖြုတ်ချပြီး အနာဂတ်လူ့အဖွဲ့အစည်းသစ်တည်ဆောက်ကြသည့်အခါ အထက်ပါအချက်သုံးချက်ကို ဖြတ်သန်းပြီးမှသာ လူမျိုးပေါင်းစုံအတူတကွ လက်တွဲတည်ဆောက်နိုင်မည်ဖြစ်သည်။ အပြန်အလှန်ရင်ကြားစေ့ခြင်းနှင့် အပြန်အလှန်ယုံကြည်မှုတည်ဆောက်ခြင်းများ ဖြစ်ပေါ်ရန်အတွက် မှားယွင်းခဲ့သည်များအား တောင်းပန်ခြင်းနှင့် ပြစ်မှုကျူးလွန်ခဲ့ကြသူတိုင်းအား ထိုက်တန်သည့် ပြစ်ဒဏ်များ ချမှတ်နိုင်ရန် လိုအပ်သည်။
၂၀၀၈ခုနှစ်က ဩစတြေးလျဝန်ကြီးချုပ် ကီဗင်ရုဒ်သည် ဩစတြေးလျတိုက်သို့ လူဖြူများဝင်ရောက်လာစဉ်အတွင်း ဒေသခံဌာနေတိုင်းရင်းသား အဘိုရီဂျင်းများကို လူမျိုးသုဉ်းသတ်ဖြတ်ခဲ့သည့်အပေါ် တရားဝင်တောင်းပန်သည့် မိန့်ခွန်းတွင် အပြန်အလှန်နားလည်မှု၊ အပြန်အလှန်စုပေါင်းဖြေရှင်းမှုနှင့် အပြန်အလှန်တာဝန်ယူ၊ တာဝန်ခံမှုတို့ကို အခြေခံသည့်အနာဂတ် ဖြစ်ပေါ်လာရန်အတွက် ၎င်းတို့နိုင်ငံ၏ သမိုင်းသစ်ကို စုပေါင်းရေးထိုးသွားကြရန် ပြောဆိုခဲ့သည်။
လူ့အဖွဲ့အစည်းတိုင်းသည် အမှားနှင့်မကင်းကြပေ။ ၎င်းအမှားများကို ဂုဏ်သိက္ခာရှိရှိဖြင့် တာဝန်ယူတာဝန်ခံဖြေရှင်းပေးခြင်းသည် ယဉ်ကျေးသောလူ့အဖွဲ့အစည်း၏ တန်ဖိုးတစ်ရပ်ဖြစ်သည်။ မိမိတို့နိုင်ငံသားများအနေဖြင့် လူမျိုးစုဒေသများတွင် စစ်တပ်က နှစ်ပေါင်းများစွာကျူးလွန်ခဲ့သော အကြမ်းဖက်သတ်ဖြတ်မှုများကို မသိကျိုးကျွန်ပြုခဲ့ကြသလို လူမျိုးသုဉ်းသတ်ဖြတ်မှုကြောင့် ထွက်ပြေးသွားခဲ့ရသော ဒုက္ခသည်များကိုလည်း မစာနာနိင်ခဲ့ကြသည်မှာ ငြင်းဆန်၍ မရနိုင်သော အမှန်တရားများပင်ဖြစ်သည်။ တော်လှန်ရေးတပ်ဦးတွင်ရှိနေသည့် အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ညီညွတ်ရေးနှင့် တန်းတူညီမျှရေးကို အလေးထားသည်ကို ပြသသည့်အနေဖြင့် အစဉ်အဆက်အစိုးရများက ပြုလုပ်ခဲ့သည့် မှားယွင်းသည့်ဥပဒေများနှင့် ဖိနှိပ်မှုများကြောင့် ထိခိုက်ခံစားခဲ့ရသူများကို နိုင်ငံတော်ကိုယ်စား ပြန်တောင်းပန်ရန် လိုအပ်သည်။ သမိုင်းအစဉ်အဆက်မှားယွင်းခဲ့သည်များကို သင်ခန်းစာယူပြီး လူ့အဖွဲ့အစည်းအကြား ယုံကြည်မှုပြန်လည်တည်ဆောက်ရမည်ဖြစ်သည်။
လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းစသည်တို့ကို အခြေခံသည့် စံတန်ဖိုးများကျင့်သုံးသည့် အနာဂတ်လူ့အဖွဲ့အစည်းတွင် အာဏာ၊ အင်အား၊ ဩဇာ စသည်တို့ကိုအသုံးချပြီး လူမျိုးစုများ၊ ပြည်သူများကို မတရားပြုကျင့်ခြင်းများ ဆက်လက်ဖြစ်ပေါ်ခြင်း မရှိစေရန်၊ ဖြစ်ပွားခဲ့သည့် မတရားမှုများသည် မိမိတို့လူ့အဖွဲ့အစည်း၏ မှားယွင်းမှုများအဖြစ် သင်ခန်းစာယူကြရန် ရည်ရွယ်၍ လူနှစ်သောင်းခွဲကျော်သေဆုံးခဲ့ရသည့် အဆိုးဝါးဆုံးသော လူမျိုးသုဉ်းသတ်ဖြတ်မှုကြီး စတင်ဖြစ်ပေါ်ခဲ့သည့် ဩဂုတ်လ ၂၅ ရက်နေ့ကို ရိုဟင်ဂျာလူမျိုးများအပါအဝင် တခြားသောဖိနှိပ်ခံလူမျိုးများစွာတို့ကို နိုင်ငံတော်က တောင်းပန်သည့် National Apology Day အဖြစ် တရားဝင်အထိမ်းအမှတ်ပြုလုပ်ရန်အတွက် အထူးလိုအပ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
(သက်ဆွေဝင်းသည် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ဘာသာရေး လူမျိုးရေး ပဋိပက္ခများ ကာကွယ်ခြင်းလုပ်ငန်းများနှင့် လူမှုပေါင်းစည်းရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် Synergy-Social Harmony Organization ၏ တည်ထောင်သူနှင့် အမှုဆောင်ဒါရိုက်တာလည်း ဖြစ်သည်။ ၂၀၀၈ တွင် လောကသာရငြိမ်းချမ်းရေးဆု၊ ၂၀၀၉ တွင် နယ်သာလန်နိုင်ငံသံရုံးက ပေးအပ်သော Human Rights Tulup Award တို့ကို ရရှိထားသူဖြစ်သည်။)