ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းထံပို့မည့် တိုင်ကြားစာ

The Issue

သို့
ဝန်ကြီးချုပ်
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့

ရက်စွဲ။ ။ ၂၀၊၄၊၂၀၁၆

အကြောင်းအရာ ။ ။ ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ဗဟန်းဈေးအနီး ဈေးရောင်းချနေသည့် အစ္စလာမ် ဘာသာဝင် ဈေးသည်များအား ဘုန်းတော်ကြီးများက ရိုက်နှက် ခြိမ်းခြောက်ပြီး ပစ္စည်းများ သိမ်းယူသည့်ကိစ္စ ။

၁ ။ ။ ၁၇၊၄၊၂၀၁၆ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) နံနက် ၉း၃၀ အချိန်ခန့်က ရွှေတိဂုံဘုရား အရှေ့ဘက်မုဒ် ဗဟန်းဈေးအနီးတွင် ခါးပတ်များရောင်းချနေသည့် ရဲကိုကို (ခ) အဒွတ်ကာသင် အမည်ရှိ အစ္စလာမ်ဘာသာဝင်ပျံကျဈေးသည်တစ်ဦးအား ဘုန်းတော်ကြီး ခြောက်ပါးက လာရောက်၍ ခြိမ်းခြောက်ရိုက်နှက်ပြီး ကျပ်ငွေ လေးသိန်းဖိုးခန့်တန်ဖိုးရှိသည့် ရောင်းချပစ္စည်းများအား သိမ်းယူမှုတစ်ခု ဖြစ်ပွားခဲ့ပါသည်။

၂ ။ ။ ယင်းနေ့ နေ့လည် ၁း၃၀ အချိန်ခန့်ကလည်း ဗဟန်း ၃လမ်း ကားမှတ်တိုင်းအနီးတွင် တယ်လီဖုန်းနှင့် ဖုန်းအပိုပစ္စည်းများ ရောင်းချနေသည့် ဗုဒ္ဒဘာသာဝင် ပျံကျဈေးသည်တစ်ဦးနှင့် အစ္စလာမ် ဘာသာဝင် ပျံကျဈေးသည်တို့အား ဘုန်းတော်ကြီး ဆယ်ပါးခန့်က လာရောက် ခြိမ်းခြောက်၍ ကျပ်ငွေ ဆယ်သိန်းဖိုးခန့် တန်ဖိုးရှိသည့် ရောင်းချပစ္စည်းများအား သိမ်းယူမှု တစ်မှုလည်း ထပ်မံဖြစ်ပွားခဲ့ပါသည်။

၃ ။ ။ ထို့အတူ ယင်းနေ့ နေ့လည်ကလည်း မဟာဝိဇယစေတီအနီး Happy World ကစားကွင်းဘေးတွင် ဒန်ပေါက်ရောင်းချနေသည့် အစ္စလာမ်ဘာသာဝင်မိသားစု တစ်စုအားလည်း ဘုန်းတော်ကြီးများက ခြိမ်းခြောက်၍ ဒန်ပေါက်ရောင်းသည့် ဒန်အိုးများအား သိမ်းယူမှုတစ်ခုလည်း ဖြစ်ပွားခဲ့ပါသည်။

၎ ။ ။ ထို့အပြင် ယမန်နှစ်ကလည်း ရွှေတိဂုံစေတီတော်၊ မိုးကောင်းဘုရား၊ တောင်ဥက္ကလာပဘုရား၊ မယ်လမုဘုရား စသည့်နေရာများတွင် ရောင်းချနေသည့် အစ္စလာမ်ဘာသာဝင်ပိုင် ဈေးဆိုင်များကိုလည်း ဘုန်းတော်ကြီးများက ခြိမ်းခြောက် သိမ်းဆည်းခြင်းများ ဖြစ်ပွားခဲ့ပါသည်။

၅ ။ ။ အဆိုပါ သိမ်းဆည်းခံပစ္စည်းများအား ပြန်လည်ရယူလိုပါက ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ၊ ဗလီထောက်ခံစာ၊ နောက်နောင် ၄င်းနေရာတွင် ဈေးလာမရောင်းတော့ပါဟု ကိုယ်တိုင်ရေးခံဝန် စသည်များယူပြီး လာပြန်ရွေးဖို့ ဘုန်းတော်ကြီးများက ပြောကြားခဲ့ပါသည်။

၆ ။ ။ ယင်းဖြစ်စဉ်များအနက်မှ ရဲကိုကို(ခ) အဒွတ်ကာသင် ၏ ဖြစ်စဉ်ကို ၀ီရမျိုးဆက် ဆိုသည့် facebook စာမျက်နှာတွင် တင်ထားပြီး ၄င်းကိုယ်တိုင် ရဲကိုကို(ခ) အဒွတ်ကာသင်အား ရိုက်နှက်ခဲ့ကြောင်း ၄င်းfacebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရပါသည်။ အဆိုပါ facebook account သည် ယခင်ကလည်း လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများကို ဖြန့်ဝေနေသည့် account ဖြစ်ပါသည်။ ၀ီရမျိုးဆက် account နှင့် ဆက်စပ်account များသည် profile အတုများဖြစ်ကြပြီး ၄င်းစာမျက်နှာများတွင် ဘာသာရေး လူမျိုးရေး မုန်းတီးမှုကိုဖြစ်ပေါ်စေသည့် စာများ၊ ပုံများကို ဖြန့်ဝေထားပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ပိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံတော် သမ္မတကြီးအား ညစ်ညမ်းစွာ ရေးသားထားသည့် စာများ၊ ပုံများကိုလည်း ဖြန့်ဝေထားသည်ကို တွေ့ရှိရပါသည်။

၇ ။ ။ အခြေခံဥပဒေ အခန်း(၈) ပုဒ်မ ၃၅၇ တွင် နိုင်ငံတော်သည် နိုင်ငံသားများ၏ နေအိမ်ဥပစာလုံခြုံရေး၊ ပစ္စည်းလုံခြုံရေးအတွက် အကာအကွယ်ပေးရမည်။ ပုဒ်မ ၃၇၀(က) တွင် နိုင်ငံတော်အတွင်း စီးပွားရေး လုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်နိုင်သည် ဟုဖော်ပြထားပြီး ယခုဖြစ်စဉ်များသည် ဖော်ပြပါ နိုင်ငံသားအခွင့်အရေးများအား တိုက်ရိုက် ချိုးဖောက်နေသည့်အပြင် ရိုက်နှက်မှု၊ ခြိမ်းခြောက် လုယက်မှုများ အဖြစ်လည်း ပြစ်မှုမြောက်ပါသည်။ သာသနာတော်ညှိုးနွမ်းစေမှုလည်း ဖြစ်ပါသည်။ နိုင်ငံတော် အကြည်ငြိုပျက်စေမှုလည်းဖြစ်ပါသည်။

၈ ။ ။ ယခုအဖြစ်အပျက်များသည် လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများကို ဦးတည်သွားစေနိုင်သည့်အပြင် အသွင်ကူးပြောင်းစ မြန်မာ့ဒီမိုကရေစီအရေးကို များစွာထိခိုက်စေနိုင်ပြီး ဘာသာပေါင်းစုံ ချစ်ကြည် ညီညွတ်ရေးကို ပျက်ပြားစေနိုင်ပါသဖြင့် ထိထိရောက်ရောက် အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။

၉ ။ ။ ဖြစ်စဉ်အသေးစိတ်ကို ပူးတွဲတင်ပြထားပါသည်။

လေးစားစွာဖြင့်

တရားဥပဒေစိုးမိုးရေးကို လိုလားသူများကိုယ်စား

မိတ္တူကို -
၁ ။ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး

This petition had 3,150 supporters

The Decision Makers

Phyo Min Thein
Phyo Min Thein
Prime Minister, Yangon Region, Myanmar
Petition updates