
မြန်မာနိုင်ငံရှိ စစ်တပ်လက်အောက်ခံ ဦးရွှေမင်း ဦးဆောင်သော လက်နက်ကိုင်အဖွဲ့၏ လုပ်ရပ်များကို ကန့်ကွက်ခြင်း
မြန်မာနိုင်ငံတွင် လူနည်းစုဖြစ်သော်ငြားလည်း ဂုဏ်ယူစရာကောင်းလှသည့် လီဆူ လူမျိုး အမည်နာမကို အသုံးချ၍ ဦးရွှမင်းဦးဆောင်သော လက်နက်ကိုင်တပ်ဖွဲ့သည် မတရားမှုကြီးများကို ကျူးလွန်နေသည့်အတွက် လီဆူလူမျိုးအနေဖြင့် မိမိတို့၏ စိတ်ဆန္ဒ သဘောတူညီချက် မပါဝင်ကြောင်း ကန့်ကွက်ခြင်းကို
ကမ္ဘာလုံးဆိုင်ရာ အသိတရားနဲ့ ပံ့ပိုးကူညီပေးကြဖို့ အရေးတကြီး တောင်းဆိုလိုက်ပါသည်။
၃၀ ရက် ၁၀ လ ၂၀၂၃ တွင် ဦးရွှေမင်း ဦးဆောင်သော လက်နက်ကိုင် အဖွဲ့မှ ထုတ်ပြန်ကြေငြာသည့်
လီဆူလူမျိုးများ တအိမ်တယောက် ကျား /မ မရွေး စစ်မှု မထမ်းမနေရဆိုသည့် အတင်းအဓမ္မ စစ်သားစုဆောင်းမည့် ကြေငြာချက်အား လုံးဝ ပြင်းပြင်းထန်ထန် ကန့်ကွက်ပါသည်။
မြန်မာစစ်တပ်၏ ဆိုးရွားသော ခေတ်အဆက်ဆက် အာဏာသိမ်းမှုနှင့် လက်နက်အားကိုး အနိုင်ကျင့်မှုတို့၏ အကျိုးဆက် ထိခိုက်နစ်နာမှုများကြောင့် ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းသည် ပြင်းထန်သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည်။ ထို့အပြင် ဦးရွှေမင်း၏ လက်နက်ကိုင် တပ်ဖွဲ့ လုပ်ရပ်များကြောင့် လီဆူလူမျိုးများ ဖိအားနှင့်ရင်ဆိုင်နေရပြီး ဂုဏ်သိက္ခာပိုင်း ပိုမို ကျဆင်းလာရပါသည်။ အာဏာသိမ်းပြီး လက်နက်နှင့် အုပ်ချုပ်ရန် စီစဥ် ကြိုးကိုင်နေသော မြန်မာစစ်တပ်အား ဦးရွှေမင်း၏ လက်နက်ကိုင်တပ်ဖွဲ့မှ ပံ့ပိုးကူညီရန် ဆုံးဖြတ်ချက်သည် ကြီးမားသော အမှားတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့ လီဆူပြည်သူများအတွက် အခြေအနေများ ပိုမိုဆိုးရွားလာစေသည်။ ထိုသို့သော မငြိမ်မသက်မှုများဖြစ်ပေါ်စေပြီး လီဆူအသိုင်းအဝန်း၏ ဂုဏ်သိက္ခာ တန်ဖိုးများကျဆင်းစေသော၊ လုပ်ရပ်များသည် လီဆူလူမျိုးတို့၏ အခြေခံကျင့်ဝတ်များကို သစ္စာဖောက်ခြင်းဖြစ်ပါသည်။
ဦးရွှေမင်း၏ လက်နက်ကိုင်တပ်ဖွဲ့သည် နိုင်ငံကို လက်နက်ဖြင့် ဖိနှိပ်ချုပ်ချယ်နေသော စစ်အာဏာရှင်အစိုးရကို ထောက်ခံရန် ရွေးချယ်ခဲ့ခြင်းသည် ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ၎င်းတို့သည် လီဆူလူမျိုးများ၏ ဂုဏ်သိက္ခာ စံနှုန်းများနှင့် လီဆူလူမျိုးတို့၏ ဆန္ဒများကို ပြတ်ပြတ်သားသား ဆန့်ကျင်သည့် လုပ်ရပ်များကို လုပ်ဆောင်ပြီး အာဏာသိမ်းစစ်တပ်နှင့် ပူးပေါင်းရန် ဆောင်ရွက်ခဲ့သည်။ ဤလုပ်ရပ်များတွင် ကျွန်ုပ်တို့၏ လီဆူလူမျိုးများထံမှ ငွေညှစ်ခြင်း၊ ၎င်းတို့၏ စစ်တပ်နှင့် အာဏာသိမ်းစစ်တပ်အတွက် တပ်သား အတင်းအကြပ် စုဆောင်းခြင်းနှင့် စစ်တပ်၏ အကြမ်းဖက်မှုနှင့် ဖိနှိပ်မှုများအတွက် ပံ့ပိုးပေးခြင်းများ ပါဝင်သည်။
လီဆူစစ်တပ် အမည်ခံထားသည့် ထိုတပ်ဖွဲ့သည် ကျွန်ုပ်တို့၏ လီဆူလူမျိုးများကို (လုံးဝ) ကိုယ်စားမပြုကြောင်း ကျွန်ုပ်တို့ ပြတ်ပြတ်သားသား ကန့်ကွက်ပါသည်။ ဦးရွှေမင်း၏လက်နက်ကိုင်စစ်တပ် လုပ်ရပ်များသည် လွတ်လပ်စွာနေထိုင် ပြောဆိုမှု၊ အတူတကွငြိမ်းချမ်းစွာ ယှဥ်တွဲနေထိုင်မှုများကို အနှောက်အယှက်ဖြစ်စေခြင်း၊ စိတ်ဝမ်းကွဲပြားမှုဖြစ်ပေါ်စေခြင်း နှင့် လက်နက်အားကိုးဖြင့် ဖိနှိပ်ချုပ်ချယ်ခြင်းများသာ ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံရှိ လူမျိုးစုအားလုံးနှင့် သဟဇာတဖြစ်အောင် နေထိုင်ယုံကြည်သော အသိုက်အဝန်းတစ်ခုဖြစ်ပြီး ကျွန်ုပ်တို့၏လီဆူလူမျိုးများ သို့မဟုတ် အခြားသူများကို အကြမ်းဖက်သည့်မည်သည့်ပုံစံကိုမဆို ဆန့်ကျင်ပါသည်။
ယနေ့တွင် ဦးရွှေမင်း၏လက်နက်ကိုင်တပ်ဖွဲ့ လုပ်ရပ်သည် လီဆူလူမျိုးများကို ကိုယ်စားမပြုကြောင်း၊ ထိုအဖွဲ့ကို လက်မခံကြောင်း / မထောက်ခံကြောင်း / ကြေငြာရန် ကျွန်ုပ်တို့၏ ဆန္ဒကို တရားဝင် ထုတ်ဖော်လိုက်ပါသည်။ ဤကန့်ကွက်မှုကို အသိအမှတ်ပြုရန်နှင့် မြန်မာနိုင်ငံရှိ ပြည်သူအားလုံး၏ ငြိမ်းချမ်းရေး၊ တရားမျှတမှုနှင့် ဂုဏ်သိက္ခာအတွက် ကျွန်ုပ်တို့နှင့်အတူ ရပ်တည်ပေးပါရန် နိုင်ငံတကာအသိုင်းအဝိုင်းအား ကျွန်ုပ်တို့ တောင်းဆိုအပ်ပါသည်။
သင်တို့၏ထောက်ခံမှုသည် အရေးကြီးပါသည်။ ဦးရွှေမင်း၏လက်နက်ကိုင်အဖွဲ့နှင့် ၎င်းတို့ထောက်ခံသည့် စစ်အာဏာရှင်အစိုးရ၏ လုပ်ရပ်များကို ရှုတ်ချသည့်အနေဖြင့် ကမ္ဘာတဝှမ်းက လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများနှင့် အစိုးရတာဝန်ရှိလူကြီးမင်းများကို ပူးပေါင်းပါဝင်ကူညီကြပါရန် တိုက်တွန်းအပ်ပါသည်။ ဤအကြမ်းဖက်မှု သံသရာကို ရပ်တန့်သွားစေပြီး မြန်မာနိုင်ငံရှိ တိုင်းရင်းသားအားလုံးအတွက် ငြိမ်းချမ်းပြီး တရားမျှတတဲ့ အနာဂတ်မျှော်လင့်ချက် ပြန်လည်ရရှိအောင် ကူညီပေးနိုင်ပါသည်။