Victory

ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း

This petition made change with 813 supporters!


သို့

ဒေါ်အောင်ဆန်းစုကြည်

မြန်မာနိုင်ငံ၏ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေ့စွဲ။  ။၂၇/၄/၂၀၁၆။

အကြောင်းအရာ။ ။ စံစနစ်သတ်မှတ်ထားသော ကွန်ပျူတာသုံး မြန်မာစာစနစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုရေးကို နိုင်ငံတော်အဆင့် လုပ်ငန်းတာဝန် တစ်ခုအနေဖြင့် အရေးတကြီး ဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်း။

၂၀၀၆ ခုနှစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကွန်ပျူတာသုံး မြန်မာစာအတွက် မြန်မာစာအဖွဲ့၊ မြန်မာနိုင်ငံ ကွန်ပျူတာအဖွဲ့ချုပ်၊ မြန်မာ NLP၊ တစ်သီးပုဂ္ဂလပညာရှင်များနှင့် ယူနီကုဒ်ကွန်ဆိုတီယမ်မှ ကိုယ်စားလှယ်များက အဆိုပြုတင်သွင်းသည့် စာတမ်းကို ဝိုင်းဝန်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

၁၉၉၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သော ကွန်ပျူတာဖွံ့ဖြိုးရေးဥပဒေ ဥပဒေပုဒ်မ၂၄(ဎ) တွင်လည်း မြန်မာကွန်ပျူတာအဖွဲ့ချုပ်က ဦးစီး၍ မြန်မာဘာသာဖြင့် ကွန်ပျူတာကို အသုံးချနိုင်မည့် စနစ်တစ်ခု ဖြစ်မြောက်ရေးကို ရည်မှန်းဆောင်ရွက်နိုင်စေရန် ပြဋ္ဌာန်းထားပါသည်။

အိုင်တီခေတ်တွင် သတင်းအချက်အလက်များကို စနစ်တကျစုစည်းနိုင်ရန်အတွက် နိုင်ငံတကာမှ ပညာရှင်များစုစည်း၍ ယူနီကုဒ်စံစနစ်ကို သတ်မှတ်ခဲ့ပါသည်။ မြန်မာဘာသာစကားအတွက်လည်း မြန်မာအပါအဝင် တိုင်းရင်းသားစာများအတွက် အက္ခရာနေရာများကို စနစ်တကျ စံသတ်မှတ်ထားပြီး ဖြစ်ပါသည်။

လက်ရှိမြန်မာနိုင်ငံတွင် ကွန်ပျူတာသုံး မြန်မာစာကို စံစနစ်မှ သွေဖည်ထားသောဖောင့်(font) များ (ဥပမာ ဇော်ဂျီဖောင့်)၊ စနစ်များကို အသုံးပြုနေကြပါသည်။ ထို့ကြောင့် ကွန်ပျူတာပေါ်၌ မြန်မာစာကိုသုံးစွဲရာတွင် စံစနစ်မြန်မာစာကို အသုံးပြုရာ၌လည်းကောင်း၊ တိုင်းရင်းသားစာများကို မြန်မာစာနှင့် ယှဉ်တွဲအသုံးပြုရာ၌ လည်းကောင်း အခက်အခဲများဖြစ်နေသည်ကို တွေ့ရပါသည်။

ယူနီကုဒ်စံစနစ်နှင့် ကိုက်ညီသောဖောင့်များကို အစိုးရဌာနများတွင် ရုံးသုံးစာအဖြစ်အသုံးပြုရန် ဝန်ကြီးဌာနအဆင့် စာထုတ်ပြန်၍ သတ်မှတ်အသုံးပြုနေကြသော်လည်း အချို့သော အစိုးရ အင်တာနက် စာမျက်နှာများနှင့် အစိုးရတာဝန်ရှိသူများ၏ ကိုယ်ပိုင်အင်တာနက်စာမျက်နှာများတွင် စံနှုန်းသွေဖည်ထားသော ဖောင့်များကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေဆဲဖြစ်သည်ကို တွေ့ရှိရပါသည်။ နိုင်ငံတကာ နည်းပညာ အဖွဲ့အစည်းများက မြန်မာစာအတွက် အထောက်အပံ့ကိုထည့်သွင်းပေးရာတွင် စံစနစ်ဖြစ်သည့် ယူနီကုဒ်စနစ်ကိုသာ ထည့်သွင်းပေးသော်လည်း ပြည်တွင်းတွင် ယူနီကုဒ်စနစ်သုံးစွဲမှုမှာ လွန်စွာအားနည်းနေပါသည်။

အချိန်တိုအတွင်း အင်တာနက်အသုံးပြုမှုအဆပေါင်းများစွာ တိုးတက်လာသည်နှင့်အမျှ စံနှုန်း သွေဖည်သောဖောင့် (font)များ အသုံးပြုမှုမှာလည်း ကြောက်ခမန်းလိလိတိုးတက်လာသည်ကို တွေ့ရပါသည်။

ယင်းသို့ စံနှုန်းသွေဖည်ထားသောဖောင့်များကို အသုံးပြုသည့်သတင်းအချက်အလက်များ အင်တာနက် ပေါ်တွင် တိုးတက်များပြားလာသည့်အလျောက်

၁။ သတင်းအချက်အလက်များကို တိကျသေချာစွာရှာဖွေရန်ခက်ခဲခြင်း။

၂။ မြန်မာစာနှင့် အခြားတိုင်းရင်းသားစကားများနှင့် ပတ်သက်သော နည်းပညာများတိုးတက်မှုကို အဟန့်အတားဖြစ်စေခြင်း။

ဥပမာ−

  • ဘာသာစကားတစ်ခုမှ တစ်ခုသို့ အလိုအလျောက် ဘာသာပြန်စနစ် (Machine Translation)
  • ပုံမှစာသို့ပြောင်းလဲခြင်း (OCR)၊ အလိုအလျောက် စာဖတ်ပြနိုင်သောစနစ် (TTS)
  • စာအုပ်စာပေများကို ဒစ်ဂျစ်တယ်စနစ်သို့ ပြောင်းလဲသိမ်းဆည်းအသုံးပြုခြင်း
  • စံနှုန်းသွေဖည်ထားသောဖောင့်များကို အခြားတိုင်းရင်းသားဘာသာစကားများနှင့် ယှဉ်တွဲ အသုံးမပြု နိုင်သဖြင့် လက်ရှိတွင် တိုင်းရင်းသားဘာသာစကားများ အသုံးပြုမှုနည်းပါးလာပြီး ရေရှည်တွင် တိမ်မြုပ် ပျောက်ကွယ်နိုင်သည့် အန္တရာယ်ရှိခြင်း။

၃။ အထက်ပါအချက်အလက်များကြောင့် e−government စနစ်ထူထောင်ရာတွင် ကြီးစွာအခက်အခဲဖြစ်စေခြင်း။

၄။ စံစနစ်ကိုသွေဖည်သော ဖောင့်များကိုအသုံးပြုနေသည့်အတွက် စံစနစ်အတိုင်းရေးသားထားသည့် အချက်အလက်များကို မှန်ကန်စွာမမြင်ရခြင်း။

၅။ မတူညီသောစနစ်များကို အသုံးပြုသည့်အတွက် သတင်းအချက်များ အပြန်အလှန်ဖလှယ်ရာတွင် အခက်အခဲရှိခြင်း။

စသည့် အဟန့်အတားများကို တွေ့ကြုံနေရပါသည်။

စံစနစ်ကိုအသုံးပြုသည့်အတွက် ရရှိနိုင်သော အကျိုးကျေးဇူးများ

  • သတင်းအချက်အလက်များကို စနစ်တကျသိမ်းဆည်းခြင်း
  • လွယ်ကူတိကျစွာ ပြန်လည်ရှာဖွေနိုင်ခြင်း
  • သတင်းအချက်အလက်များ စိစစ်တွက်ချက်ရာတွင် တိကျမှန်ကန်ခြင်း
  • မြန်မာစာစနစ်အတိုင်း အလွယ်တကူ အက္ခရာစဉ်နိုင်ခြင်း
  • မြန်မာစာစနစ်ကို နိုင်ငံတကာဘာသာစကားများနည်းတူ ဖွံဖြိုးတိုးတက်စေနိုင်ခြင်း
  • မြန်မာဘာသာစကားသုံး အဆင့်မြင့်နည်းပညာပစ္စည်းများ ပေါ်ထွက်လာနိုင်ခြင်း
  • မြန်မာဘာသာစကားကို ကွန်ပျူတာစနစ်တွင် အပြည့်အဝအသုံးချလာနိုင်ခြင်း (Machine Translation, Text to Speech, Optical Character Recognition)
  • တိုင်းရင်းသားဘာသာစကားများကို မြန်မာဘာသာစကားများနှင့် ယှဉ်တွဲတိုးတက်စေနိုင်ခြင်း
  • E−government စနစ်အကောင်အထည်ဖော်ရာတွင် အဆင်ပြေချောမွေ့စေခြင်း (ရွေးကောက်ပွဲ မဲစာရင်းများ၊ သန်းခေါင်စာရင်းများပြုလုပ်ခြင်း)
  • နိုင်ငံသားများ၏ အချက်အလက်များကို လွယ်လင့်တကူ စီမံခန့်ခွဲနိုင်ခြင်း (အခွန်အချက်အလက်များ) 

တောင်းဆိုချက်များ

 ၁။ အစိုးရဝန်ကြီးဌာနများက လွှင့်တင်ထားသော အင်တာနက်စာမျက်နှာများတွင် ကွန်ပျူတာသုံး မြန်မာစာ စံစနစ်တစ်မျိုးတည်း အသုံးပြုပေးရန်။

၂။ အစိုးရနှင့် လူထုတိုက်ရိုက်ဆက်ဆံရသည့် ကိစ္စရပ်များတွင်လည်း စံစနစ်ကိုရှေ့ဆောင်လမ်းပြ၍ အသုံးပြုပေးပါရန်။

၃။ ကွန်ပျူတာသုံး မြန်မာစာစနစ်ပိုမိုတိုးတက်ဖွံ့ဖြိုးရေးအတွက် မြန်မာစာပညာရှင်များ၊ သက်ဆိုင်ရာ တိုင်းရင်းသားစာပေပညာရှင်များ၊ အတတ်ပညာရှင် အသိပညာရှင်များ ပါဝင်နိုင်သည့် နိုင်ငံကိုယ်စားပြု အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်ပံ့ပိုးပေးရန်။

၄။ ကွန်ပျူတာသုံးမြန်မာစာစံစနစ်ကို လူထုတွင်ကျယ်စွာအသုံးပြုလာစေရန်အတွက် အစိုးရကဦးဆောင်၍ သတင်းမီဒီယာများမှတဆင့် နိုင်ငံတော်အဆင့်အသိပေးခြင်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန်။

၅။ သတင်းအချက်အလက်များကို ဒစ်ဂျစ်တယ်စနစ်အသုံးပြု၍ ထုတ်ပြန်ရာတွင် တိကျသော မြန်မာစာစံစနစ်ကိုသာ အသုံးပြုရန်သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဥပဒေတစ်ခုအနေဖြင့် သတ်မှတ် ပြဋ္ဌာန်းပေးပါရန်။

၆။ ကွန်ပျူတာ၊ မိုဘိုင်းဖုန်းနှင့် ဆက်စပ်ပစ္စည်းများတင်သွင်းရာတွင် မြန်မာစာစံစနစ်ကို မဖြစ်မနေလိုက်နာရမည့် စည်းမျဉ်းတစ်ခုအနေနှင့် ထည်သွင်းပေးရန်နှင့် ပျက်ကွက်ခဲ့ပါက အရေးယူ ဆောင်ရွက်နိုင်သည့် စည်းမျဉ်းဥပဒေများပြဋ္ဌာန်းပေးပါရန်။

၇။ သတင်းမီဒီယာများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်းများကိုလည်း မြန်မာစံစနစ်ကို ရှေ့ဆောင် အသုံးပြုလာစေရန် တိုက်တွန်းညွှန်ကြားပေးပါရန်။

စံသွေဖည်သော ဖောင့်များကိုသုံးစွဲမှုများလာပါက ကွန်ပျူတာအသုံးပြု မြန်မာစာနှင့် တိုင်းရင်းသား ဘာသာစကားများဖွံ့ဖြိုးတိုးတက်မှုအတွက် ပိုမိုခက်ခဲလာနိင်ပါသဖြင့် နိုင်ငံတော်အဆင့်လုပ်ငန်းအဖြစ် လျင်မြန်စွာ ဦးစားပေးဆောင်ရွက်ပေးပါရန် နောက်ဆက်တွဲစာမျက်နှာတွင် ပါဝင်လက်မှတ်ထိုးထားသော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများက အတူတကွ လေးစားစွာ တောင်းဆိုအပ်ပါသည်။

 မိတ္တူကို-

၁။ ဦးထင်ကျော်၊ သမ္မတ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်။

၂။ ဦးသန့်စင်မောင်၊ ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန။

၃ ဒေါက်တာဖေမြင့်၊ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန။

၄။ ဦးနိုင်သက်လွင်၊ ပြည်ထောင်စုဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန။

၅။ ဒေါက်တာမျိုးသိမ်းကြီး၊ ပြည်ထောင်စုဝန်ကြီး၊ ပညာရေးဝန်ကြီးဌာန။

၆။ သမ္မတရုံး။



Today: Mg is counting on you

Mg Sun needs your help with “Aung San Suu Kyi : ကွန်ပျူတာသုံးမြန်မာစာစံစနစ်သတ်မှတ်အသုံးပြုရေးကို ဦးစားပေး ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း”. Join Mg and 812 supporters today.